စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, April 20, 2012

မဲတူ - ၁


          မဲတူဆိုလျှင် တစ်ရက်ကွက်လုံး အော်ကြောလန်သည်။  ကျွန်တော်တို့ ရက်ကွက်တင်မဟုတ် အနီးအနားရပ်ကွက်ကပါ အော်ကြောလန်သည်။  အော်ကြောလန်ဆို မဲတူကလည်း အတော့်ကို ဆိုးသည်။  မဲတူ သေသွားတော့ ကျွန်တော်လည်း အတော်လေး အထီးကျန်ဆန်သွားသည်။  မသေခင်အထိ ကျွန်တော့်အပေါ် အတော်လေး အနွံတာခဲ့သည်။  မဲတူကို လွမ်းလာသောကြောင့် ဒီပိုစ့်လေးကို ရေးဖြစ်လိုက်သည်။

မဲတူ၏ ရာဇ၀င်
          မဲတူအကြောင်းမပြောခင် သူ့မိသားစုရာဇ၀င်လေးကို ရှင်းပြချင်သည်။  အဲ့ဒီတုန်းက ကျွန်တော် ၆ တန်း ကျောင်းသားလောက်ဖြစ်ဦးမည်ထင်သည်။  အိမ်မှာ ခွေးမကြီးတစ်ကောင် အမြဲတမ်းအစာလာတောင်းတတ်သည်။  ကျွန်တော်က သနားပြီးတော့ ထမင်းချချကြွေးဖြစ်သည်။  ထိုအချိန်မှစပြီးတော့ ခွေးမကြီးလည်း အိမ်ကမခွာတော့။  အိမ်မှာကပ်နေရင်း ထိုခွေးမကြီးမှ သားပေါက်သည်။  အမတစ်ကောင်သာကျန်သည်။  ထို့ကြောင့် ခွေးမကြီးနာမည်က “အမေမ” ဖြစ်ပြီး သူကမွေးသော သမီးနာမည်ကတော့ “သမီးမ” ဟုကျွန်တော်က နာမည်ပေးလိုက်သည်။ 
          နောက်နှစ်ကြတော့ အမေမက ခွေး ၆ကောင်ပေါက်သည်။  သမီးမက ခွေး ၆ ကောင်ပေါက်သည်။  ထိုအထဲတွင် မဲတူက အမေမ ကပေါက်သော ခွေးဖြစ်သည်။  ခွေးကလေးတွေထဲမှာ တစ်ကိုယ်လုံးမဲပြီးတော့ မွေးကထဲက အကောင်အကြီးကြီးဖြစ်သည်။  ထိုသို့နှင့် အိမ်တွင် ခွေး ၁၄ ကောင်ဖြစ်သွားသည်။ ထိုအချိန်မှစ၍ ကျွန်တော်လည်း ခွေးများနှင့် အလုပ်ရှုပ်တော့သည်။  ကျောင်းကပြန်လာရင် လွယ်အိတ်ကိုချ ခြံထဲကိုပြေး ခွေးပေါက် ၁၂ ကောင်ကို ရေတွက်၊ ပြီးလျှင် အမေမ ကလေးတွေကို သမီးမကို နို့တိုက်ခိုင်း။  သမီးမ ကလေးတွေကို အမေမကို နို့တိုက်ခိုင်း ခွေးနေရာချထားရေးလုပ်သည်။  ခွေးဆိုလို့ မျိုးကောင်းရိုးကောင်းလို့တော့ မထင်ပါနဲ့ ခွေးလေ ခွေးလွင့်များသာ။  ဤသည်မှာ မဲတူ၏ မိသားစု ရာဇ၀င်ဖြစ်သည်။  သူ့အဘိုးအဘွားများကိုတော့ ကျွန်တော်မသိ။  သူ့ အဖေဘယ်ခွေးလဲဆိုတာလည်း ကျွန်တော်မသိ။  ကျွန်တော်သိသည်မှာ သူ့အမေသည် Single Mother ဖြစ်သည်။ 


လူဆိုးဗိုလ်ကြီး မဲတူ
          မဲတူက တခြားခွေတွေထက် အရပ်ပိုမြင့်တာတော့မဟုတ်ဘူး။  ခေါင်းကကြီးကြီး၊ နားရွက်က ကုပ်ကုပ်။  ခြေဆစ်လက်ဆစ်တွေက မွေးကထဲကကို ကြီးတာ။  ခန္ဓာကိုယ်က တုတ်တုတ်ကြီး။  လျှာကြီး တန်းလန်းနဲ့ အမြီးနှံပြီး သခင်တွေကို တယ်ဖားတတ်တဲ့ကောင်။  ခွေးတွေ အကောင်ကြီးလာတော့ စားရေးသောက်ရေးက အရင်ကလို ထမင်းကျန်၊ ဟင်းကျန် ကျွေးလို့မရတော့။  အမေက ဈေးထဲကနေ ဈေးအပေါဆုံး ငပိအကြမ်းကို ၀ယ်ရသည်။  သမဆိုင်က ဆန်ကွဲကို ၀ယ်ရသည်။  ချဉ်ပေါင်ရွက်ကတော့ များသောအားဖြင့် ခြံထဲကခူးသည်။  ထို၃မျိုးကို ရောကြိုလိုက်လျှင် အိမ်က ခွေး ၁၄ ကောင်အတွက် ရိက္ခာဖူလုံသည်။  တစ်ခါတစ်လေ လူကြီးတွေလစ်လျှင် စားဖို့ချက်ထားသော ကြက်သားဟင်း၊ ငါးဟင်းတွေကို အိုးလိုက် ထိုခွေးစာအိုးကြီးထဲသို့ ကျွန်တော် လောင်းထည့်ပစ်တတ်သည်။  ခွေးတွေလဲ လူတွေလို ကြက်သားဟင်းလေး ဘာလေးနဲ့ ကောင်းကောင်းမွန်မွန် စားစေချင်သောကြောင့်ဖြစ်သည်။ 
          ခွေးစာကြွေးသောအချိန်တွင် အိမ်မှ ကြီးဒေါ်များလဲ မနေရ အင်တုန် ၁၄ လုံးနှင့် ကြွေးရသည်။  မဲတူက အဆိုးဆုံး။  ဒီကောင်က ထွားတော့ ဗိုလ်ကျသည်။  သူများခွေးတွေထက်လဲ ပိုပြီးတော့ လူလည်ကျတတ်သည်။  သူ့အတွက် ထမင်းကို ၃ လုပ်လောက်နှင့် ကုန်အောင်စားသည်၊ ပြီးလျှင် သွားကြီးဖြီးပြီးတော့ သူများတွေ အင်တုံထဲက ထမင်းတွေကို လုစားတော့သည်။  ထို့ကြောင့် ခွေးတွေကို ထမင်းကြွေးချိန်ဆိုလျှင် တုတ်တစ်ချောင်းစီကိုင်ကာ ခွေး ၃လေးကောင်ကြား ကြီးဒေါ်တစ်ယောက်စောင့်က ခွေးမောင်းရသည်။  “ဟဲ အမေမ.. ငြိမ်ငြိမ်နေ ဟိုဘက်မှာ သွားလုမစားနဲ့”  “အို.. မဲတူ… ဟယ်ဒီခွေး သိပ်လူလည်ကျတာပဲ… သူများဟာတွေ သွားလုစားပြန်ပြီ”  “တုတ်နဲ့ ရိုက်မှာနော်… သွား သွား ဒီဘက်ကို မလာနဲ့”  ထိုအသံများမှာ ခွေးတွေကို ထမင်းကြွေးတိုင်း ထွက်လာနေကြအသံဖြစ်သည်။  မဲတူကတော့ အဆိုးဆုံး၊ အနိုင်အကျင့်ဆုံး အကောင်ဖြစ်သည်။  သူများခွေးတွေကို အနိုင်ကျင့်ပြီး ထမင်းတွေ လုစားတတ်သည်။  ထို့ကြောင့် အိမ်တွင် မဲတူကို လူဆိုးဗိုလ်ကြီးဟုခေါ်ကြသည်။

မဲတူနှင့် အုန်းထခြင်း
          မဲတူတို့ တစ်သိုက်ကြီးလာတော့ ခွေး ၁၄ကောင်နှင့် ရပ်ကွက်ထဲက ကျွန်တော်တို့ ကလေးတစ်သိုက်မှာ အုန်းထနေတော့သည်။  ခွေးတွေရော၊ ကလေးတွေရော တ၀ုန်းဝုန်း၊ ဖုန်က တလုံးလုံး။  ကလေးတွေ ရပ်ကွက်ပတ်ပြီး စိန်ပြေးတမ်းဆော့လျှင် ခွေးတွေကပါ တစီစီ။  ထိုမျှ အားမရလျှင် ခွေးတစ်အုပ်ကို ခေါ်ပြီး သူများရပ်ကွက်ထဲကခွေးတွေနှင့် သွားပြီးတော့ စစ်ခင်းတမ်းဆော့သည်။  စစ်ခင်းသည်ဆိုသည်မှာ ဟိုဘက်ရပ်ကွက်ကခွေးများကို ကျွန်တော်တို့ရပ်ကွက်က ခွေးများနှင့် ကိုက်စေခြင်းသာဖြစ်သည်။  ကလေးတွေ လက်ခုပ်လက်ဝါးတီး၊ တစ်ဟေးဟေနှင့်။  အိမ်မှာဧည့်သည်များလာလို့ကတော့ မဲတူတို့တစ်သိုက်အတွက် ပွဲကြီးပွဲကောင်း။  သောင်းသောင်းဖြဖြကို တ၀ုတ်ဝုတ်နှင့် အုန်းထအောင် ကြိုဆိုသည်။  ဧည့်သည်တစ်ယောက်လာလျှင် လူ၎ယောက်လောက်ဆင်းပြီး ခွေးတစ်သိုက်ကို ထိန်းရသည်။ 
          နွေရာသီကျောင်းပိတ်လျှင် မဲတူတို့တစ်သိုက်နှင့် ကျွန်တော်တို့ သူငယ်ချင်းတွေ စွတ်ဖားဆွဲတမ်းကစားကြသည်။  စွတ်ဖားဆွဲတယ်ဆိုသည်မှာ အခြားမဟုတ် အိမ်မှာ ကွမ်းသီးပင်တွေရှိသည်။  ကွမ်းသီးပင်က ကွမ်းလက်တွေ ကြွေသောအခါ အပေါ်ကအလက်နှင့် တစ်တွဲထဲ အောက်ပိုင်းမှာ ကွမ်းပင်ကို ငုံထားသော ဖျော့ဖတ်ကြီးပါ တစ်ခါထဲ ကြွေကျသည်။ ထိုအခါမျိုးဆိုလျှင် ထိုပျော့ဖတ်ကြီးကို ကြိုးတွေနှင့်တွဲ ခွေးနှစ်ကောင် လည်ပင်းမှာ ကြိုးတစ်ချောင်းစီချည်.. ထိုကြိုးတွေနှင့် ကွမ်းလက်ရောက် ပျော့ဖတ်ကြီးပါတွဲချည်၊ တစ်ယောက် စွတ်ဖား တစ်ခုစီရပြီ။  ထိုအချိန်တွင် မဲတူကို လုကြရသည်။  ဒီကောင်က အပြေးသန်သလို၊ ရုန်းအားကောင်းသည်။  ဒီကောင်ဆွဲသော စွတ်ဖားက နိုင်လေ့ရှိသည်။  ထို့ကြောင့် မဲတူဆွဲသော စွတ်ဖားကို ဦးအောင် စီးကြရသည်။  ခွေးတွေကို ပြေးဆိုပြီး မောင်းလိုက်လို့ကတော့ လွှတ်ပြေးတော့တာ… လမ်းပေါ်မှာ ဖုန်တွေကတစ်လုံးလုံး။ စွတ်ဖားတွေနဲ့ လမ်းတွေကပိတ်၊ လမ်းသွားလမ်းလာတွေက မေတ္တာပို့။
          မိုးတွင်းဆိုရင်ရော မဲတူတို့တစ်သိုက်နဲ့ တယ်မြိုင်တာ။  ပုသိမ်အိမ်ရှေ့လမ်းက လမ်းမကြီးကနေ သွယ်ဆင်းတာ မြေနိမ့်ပိုင်း။  ကျွန်တော်တို့ လမ်းရဲ့ အလယ်လောက်မှာ ချောင်းလေးတစ်ချောင်းက ဖြတ်စီးနေတာ။  အဲ့ဒီချောင်းကလေးကို ကွန်ကရစ်တံတား ဖြတ်ထိုးထားသေးတာ။  မိုးကြီးလို့ကတော့ လမ်းမကြီးကရေတွေက ကျွန်တော်တို့လမ်းထဲက မြောင်းတွေထဲကို စီးတာမှ ဒလဟော။  မိုးရွာပြီဟေ့ဆိုတာနဲ့ မိုးရေပြေးချိုးတာပဲ။  မိုးရေချိုးရင် ခွေးတစ်အုပ်ကလဲပါတယ်။  ကျန်တဲ့ခွေးတွေသာ အိမ်က တံစက်မြိတ်အောက် ကွေးချင်ကွေးမယ် မဲတူကတော့ ကျွန်တော့်ကို မိုးရေထဲ ရိပ်ကနဲတွေ့တာနဲ့ ပြေးကို ထွက်လာတော့တာပဲ။  ဒီကောင်ကို မြောင်းထဲကို ကန်ချ ရေဒလဟောထဲမှာ မြောင်းတစ်လျှောက်ရေကူးလိုက်တာ ချောင်းထဲရောက်တော့မှ ကမ်းပေါ်ပြန်တက်။  ဒီကောင်ကြီး မြောင်းထဲမျောသွားရင် ကျွန်တော်တို့က မြောင်းနှုတ်ခမ်းကနေပြေးလိုက်။  ဒီလိုနဲ့ ရေလွှာလျှောစီး စီးတာ ကျွန်တော်တို့လဲမော ဒီကောင်လဲလျှာထွက်။ မိုးတိတ်မှ အိမ်ပေါ်ပြန်ရောက်ဖြစ်တယ်။
          ဒါတင်ကသေးလားဆိုတော့ မကသေးဘူး။  ခြံထဲမှာ စစ်တိုက်တမ်းဆော့ရင် ကတုတ်ကျင်းတူးကြတာကိုး။  အိမ်ကပေါက်တူးတွေ၊ တူရွင်းတွေ၊ ဂေါ်ပြားတွေနဲ့ သူငယ်ချင်းတစ်သိုက် ကတုတ်ကျင်းတူး၊  ဒီကောင်တွေကလဲ လိုက်တူး။  တူးတာမှ ကြွက်တွေ တွင်းတူးသလို ဟိုဘက်က၀င်ပြီး ဒီဘက်က ထွက်လို့ရတဲ့အထိကို တူးတာ။  တစ်ခြံလုံး မွထ သစ်ပင်တွေ အမြစ်လန်။  အိမ်က လူတွေကဆူ။

သူခိုးကြီးမဲတူ
          ခွေးသူခိုးဆိုတာ မဲတူကိုမှ ခေါ်တာ၊ အစစ်၊ အစစ်။  ဒီကောင်က ခွေးသူခိုး။  ခွေးသူခိုးဆိုပေမယ့် သခင်ကို လာလာပေးတာ။  အိမ်မှာက ဒီကောင်တွေကို ထမင်းကျွေးဖို့ ငပိပုံမှန်ဝယ်ရတာကိုး။  ဒါကို ဒီကောင်မြင်နေကြမို့လို့လားရယ်လို့တော့မသိ၊ အိမ်နီးနားချင်းတွေ သူတို့အိမ်မှာ ငပိကို လက်လွတ်စပယ်မထားရဲသော အဖြစ်ကိုရောက်သည်။  ဒီကောင်က ဈေးဝယ်ပြီးလို့ သူများအိမ်တွေမှာ ငါးပိထုတ်ခြင်းထဲမှာတွေ့လျှင် ခြင်းထဲကနေ အလစ်သုတ်သည်။  မီးဖိုချောင်မှာတွေ့လျှင် မီးဖိုချောင်မှ အလစ်သုတ်သည်။ ပြီးလျှင် ကျွန်တော့်အိမ်သို့ ပြန်ယူလာပြီး အိမ်နောက်ဖေး လှေကားထစ်မှာ ချထားတတ်သည်။  
          ဒါတင်လားဆိုတော့မဟုတ်။  ပုဆိုး၊ အောက်ခံဘောင်းဘီ၊ ဘရာဇီယာ ဘာတစ်ခုမှမလွတ် သူများအိမ်တွေမှာ လှမ်းထားတာတွေလျှင် အလစ်သုတ်သည်။  ပြီးလျှင် အိမ်တွင်လာချချထားသည်။  ခိုးလျှင်လဲ သူများခွေးတွေလို ကုပ်ချောင်းချောင်းခိုးသည်မဟုတ်။  အောက်ခံဘောင်းဘီကြီးကို ကိုက်ကာ လည်တမော့မော့၊ အမြီးတစ်ထောင်ထောင်ဖြင့် စစ်အောင်လာသည် စစ်သူကြီးရဲ့ မြင်းလိုမျိုး ဟန်ကြီး၊ ပန်ကြီးနှင့် အိမ်သို့ပြန်လာခြင်းဖြစ်သည်။  “ဟဲ မဲတူ၊ မဲတူ”  အ၀တ်ပိုင်ရှင်များ နောက်ကလိုက်လျှင်လည်း သိပ်ဂရုစိုက်လှသည်မဟုတ်။  သူ့ပုံစံ အတိုင်း မော့တော့၊ မော့တော့နှင့် အိမ်သို့ မရောက်မခြင်း သူ အလစ်သုတ်လာသော အ၀တ်များကို ပါးစပ်က မလွှတ်။  
          တစ်နေ့တော့ ကျွန်တော်တို့အိမ်ဘေးမှာက ရခိုင်မှ လူအသစ်တွေ ပြောင်းလာသည်။  ရခိုင်မှ ဆွေနီးမျိုးစပ်များ၊ ဧည့်သည်များလာလျှင် ဘေးအိမ်မှာ တည်းတတ်ကြသည်။  သူတို့ဒေသအတိုင်း ညဖက်လည်း တံခါး မပိတ်ကြ။  ရွာမှာလိုပဲ တံခါးဖွင့်ပြီး အိပ်တတ်ကြသည်။  မဲတူတို့ကတော့ ဒါမျိုးကို အကြိုက်တွေ့သည်။  တစ်ည မီးကလဲပျက်နေသည်။  သူခိုး သူခိုး ဆိုပြီး ဟိုဘက်အိမ်က ထအော်သံကြားရသည်။  ကျွန်တော်တို့တွေလည်း ထကြည့်ကြသည်။  မိတော့ ဘယ်သူများထင်သလဲ။  ဓာတ်မီးရောင်တွေအောက်မှာ အ၀တ်ထုတ်ကြီးကိုက်ပြီး ပြူးကြောင်ကြောင်ကြည့်နေသော မဲတူဖြစ်သည်။  ဒီတစ်ခေါက်ကတော့ အ၀တ်ကိုခိုးသည်မှာ တစ်ထည်နှစ်ထည်မဟုတ်၊  ခိုးလာသည်မှာ အိတ်လိုက်ဖြစ်သည်။  လက်ကိုင်အိတ် ခပ်လတ်လတ် တစ်အိပ်ကို ဂိုင်းမှနေပြီး မလာခြင်းဖြစ်သည်။  မ တာကလည်း အောက်ထပ်ကမဟုတ်၊ အပေါ်ထပ်ကို တက်ပြီး မ လာခြင်းဖြစ်သည်။  လှေခါးထစ်တစ်လျှောက် တစ်ဖုတ်ဖုတ်နှင့် အသံတွေမြည်လို့ အိမ်သားတွေ နိုးလာခြင်းဖြစ်သည်။  ဒါကို ဒီကောင်က မလွှတ်သေး။  အတင်းဝိုင်းလုတော့မှ အားမတန် မာန်လျှော့ပြီး ပါးစပ်ထဲက အ၀တ်ထုတ်ပြန်ရသည်။
          ဒါတင်လားဆိုတော့ မဟုတ်။  အိမ်နားက ကြက်ခြံ၊ ဘဲခြံ တွေ အကုန်လုံး ပြုန်းပြုန်း ပြုတ်ကုန်သည်။  မဲတူတို့ တစ်သိုက် လက်ချက်ဖြစ်သည်။  အိမ်ကို ဘဲတွေ၊ ကြက်တွေ ကိုက်လာသည်။  နောက်က ပိုင်ရှင်တွေလိုက်လာလျှင် အမေက ဒိုင်ခံလျှော်ရသည်။  ကိုက်လာလျှင် အဲ့ဒီနေ့ ဒင်းတို့ ဗိုက်ခွေးနမ်းသည့်နေ့၊  သူတို့ကိုက်လာသော ကြက်တွေ၊ ဘဲတွေက သူတို့ ဟင်းအိုးထဲရောက်သည်ကိုး။  ကျွန်တော်ကတော့ နာမည်ကြီးသွားသည်။  ခွေးတစ်ကောင်မွေးလိုက်တာ ဟန်ကိုကျလို့၊ ဘာမှကို လုပ်စရာ မလို၊ ခွေးကရှာကျွေးသည်ဟူ၏။

4 comments:

  1. ဟင် .... ဇာတ်လမ်းတွဲကြည့်ရသလို ဖြစ်နေပြီ မောင်အောင်ထွဋ်ရေး)
    ခွေး ၁၄ကောင်ရဲ့ စရိတ် နည်းမှာမဟုတ်ဘူး။ အရေးအသားကောင်းတော့ မဲတူကို မျက်လုံးထဲကွင်းကွင်းကွက်ကွက် ပေါ်လွင်စေတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဖတ်ကောင်းမှ အပိုင်း ၂ နဲလာတွေ့နေတယ် .း)
    တင်ရင်လည်း မြန်မြန်တင် ပေးပါ ဆရာသမားရေ
    ..
    (ဒုတိယ)

    ReplyDelete
  3. တကယ်ဖတ်လို့ကောင်းတယ်ဗျာ...ကျွန်တော့်ခွေးကြန်စုံကိုတောင်သတိရသွားပြီ

    ReplyDelete
  4. ခွေးဗိုလ် သူခိုးကြီး မဲတူအကြောင်း ဖတ်လို့ ကောင်းဗျား...အပိုင်း ၂ သွားဖတ်ဦးမယ်...

    ReplyDelete